မျက်စိက ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေများ
မျက်စိဆိုတာ စိတ်ရဲ့တံခါးပေါက်လို့ ပြောလေ့ရှိပါတယ်။ စိတ်ထဲမှာရှိတာတွေကို မျက်စိကနေတဆင့် ဖတ်လို့ ရတယ်ပေါ့။ မျက်လုံးချင်းစကားပြောနေပြီ ဆိုတဲ့ သီချင်းတောင် ရှိတယ်မဟုတ်လား။ မျက်စိကို ကြည့်တဲ့အခါ စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ သိနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေတွေကိုလည်း သိနိုင်ပါသေးတယ်။
ဘာတွေသိနိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်
(1) သင်ဟာ မျက်ကပ်မှန်တပ်တဲ့သူဆိုရင် မျက်ကြည်လွှာပေါ်မှာ အဖြူရောင် အစက်အပြောက်တွေ တွေ့တဲ့အခါ မျက်ကပ်မှန်ကတဆင့် မျက်စိထဲကို ရောဂါပိုးဝင်ရောက်တာ ဖြစ်ကြောင်း သိနိုင်ပါတယ်။
(2) မျက်စိနဲ့ အနီးတဝိုက်က ကြွက်သားတွေ ဆက်ကနဲ့ ဆက်ကနဲ့ လှုပ်နေပြီဆိုရင် စိတ်ဖိစီးမှုများတဲ့ လက္ခဏာမို့ ကောင်းကောင်းအနားယူဖို့ လိုနေပြီဆိုတာ ပြနေတာပါ။ မျက်ခွံတွေဖောင်းပြီး မျက်စိ နီရဲနေတာကလည်း ပင်ပန်းနွမ်းနယ်ပြီး အနားယူဖို့ လိုနေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
(3) မျက်စိက ကြည့်ရတာ ဝါးနေပြီး ကောင်းကောင်းမမြင်ရတာဟာ အနီးမှုန်အဝေးမှုန်တာ၊ အတွင်းတိမ်ဖြစ်တာ (Cataract)၊ မြင်လွှာရောင်ခြယ်ပျက်စီးတာ (Macular Degeneration) တွေလို မျက်စိပြဿနာတွေ ဖြစ်နိုင်သလို ဆီးချိုကြောင့် မျက်စိတွင်းက သွေးကြောတွေ ပျက်စီးတာ (Diabetic Retinopathy) လည်း ဖြစ်နိုင်တာမို့ မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။
(4) မျက်ကြည်လွှာရဲ့ ပတ်ပတ်လည်မှာ အဖြူရောင်ကွင်းလေး ပေါ်နေတာဟာ အသက်ကြီးသူတွေမှာ ဖြစ်နိုင်သလို ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောအဆီတွေ များနေပြီလို့ ပြနေတာလည်း ဖြစ်နိုင်တာမို့ နှလုံးထိခိုက်ပြီး လေဖြတ်တာတွေ မဖြစ်ခင် အမြန်ဆုံးစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။
(5) မျက်စိက ကြည့်ရတာ ဝါးနေပြီး ခေါင်းလည်းထိုးကိုက်နေရင် သွေးပေါင်ချိန် အရမ်းတက်ပြီး သွေးတိုးနေတာ ဖြစ်နိုင်လို့ သွေးပေါင်ချိန်ကြည့်ဖို့ မမေ့ပါနဲ့။
(6) မျက်စိကို ခဏခဏပွတ်မိနေတယ် ဆိုရင် မျက်စိခြောက်သွေ့နေတာ ဖြစ်နိုင်သလို တစ်ခုခုနဲ့ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(7) မျက်စိထဲမှာ မျောနေတတ်တဲ့ Floaters လို့ခေါ်တဲ့ အရိပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီ Floaters လေးတွေ အများကြီး ဖြစ်လာတာဟာ Retina လို့ခေါ်တဲ့ မြင်လွှာစုတ်ပြဲတာ သို့မဟုတ် ကွာကျတာ ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
(8) မျက်သားဖြူပေါ်မှာ အဝါရောင်အကွက်လို ဖြစ်နေတာက နေရောင်ခြည်နဲ့ ထိတွေမှုများလွန်းတဲ့ လက္ခဏာတစ်ခုပါ။
(9) မျက်သားဖြူက အဝါရောင်ပြောင်းနေပြီ ဆိုရင်တော့ အသည်းရောင်အသားဝါရောဂါ၊ တခြားသော အသည်းရောဂါတွေနဲ့ သည်းခြေပြွန်ကင်ဆာတွေကြောင့် ဖြစ်နိုင်ပါတယ်။
(10) မျက်ရိုးတွေကိုက်ပြီး မျက်ရည်ပူတွေ ကျနေရင် ဖုန်း၊ ကွန်ပြူတာ၊ တီဗီတွေနဲ့ ဝေးဝေးနေပြီး Screen Time ကို လျှော့သင့်ပြီလို့ ပြောနေတာ ဖြစ်ပါတယ်။
(11) မျက်စိထဲက သွေးကြောတွေ ထင်ရှားပြီး ရဲနေတာက မျက်စိက အလွန်အကျွံ အလုပ်လုပ်နေတယ် ဆိုတာ ပြနေတာပါ။ မျက်စိအသုံးပြုတာ လျှော့ပြီး မျက်စိလေ့ကျင့်ခန်းလုပ်တာ၊ အစိမ်းရောင်ရှုခင်းတွေကို ကြည့်တာတွေ လုပ်ရမှာပါ။
(12) မျက်ခွံတွေမို့ပြီး ခြေထောက်တွေပါ အမ်းနေရင် နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။
မျက်စိက ပြောပြနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေက အများကြီးပါပဲနော်။ မြင်အောင်ကြည့်ပြီး အချိန်မီကုသခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်